အောင်ပညာဒါနသင်တန်းကျောင်း

Pages

  • Home
  • ပညာဒါနသင်တန်းကျောင်း
  • စာပေကဏ္ဍ
  • ဗုဒ္ဓဘာသာဆိုင်ရာ
  • ကျန်းမာရေးကဏ္ဍ
  • မိဘမေတ္တာ
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ
  • သတိပြုစရာလေးများ
  • The beautiful Myanmar
  • ဆက်သွယ်ရန်

Oct 24, 2014

တော်ချင်ရင် မပျင်းနဲ့

ဆုံးမစာများ၊ ဆုံးမစကားများဟာ တကယ်တော့ ကြားဖူးနားဝရှိတဲ့ စကားများ ဖြစ်ပါတယ်။ ကြားဖူးပြီး နားဝမှာပဲ ရပ်နေတဲ့ အတွက်ခက်နေကြတာ ဖြစ်ပါတယ်။ တကယ်တော့ နားဝမှာတင် ရပ်မနေဘဲ ရင်ထဲနှလုံးထဲရောက်အောင် သိမ်းပိုက်ထားမယ်၊ သေသေချာချာ စိတ်ဝင်တစား တွေးတောမယ်၊ လက်တွေ့ကြိုးစား လုပ်ဆောင်ကြည့်မယ်ဆိုလို့ရှိရင် အကျိုးရှိမယ့်စကားများဖြစ်ပါတယ်။ အခုတင်ပြတဲ့ စကားကတော့ ဆုံးမစကားအနေနဲ့ တင်ပြတာ မဟုတ်ပါဘူး။ လက်တွေ့ အသုံးချတဲ့သူများမှာ အကျိုးရှိတယ်ဆိုတာကို ထင်ထင်ရှားရှားမြင်နေတာ ကြာလာပြီဖြစ်တဲ့အပြင် ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးမိလို့ အကျိုးရှိတာကြောင့် တင်ပြလိုက်မိတာဖြစ်ပါတယ်။
ကျွန်မလက်ထဲကို မှတ်သားစရာ စကားတစ်ခုခုကို ရေးပေးပါလို့ စာအုပ်ကလေးတွေထိုးပေးပြီး မေတ္တာရပ်ခံတဲ့ကလေးများ၊ လူငယ်လူရွယ်များရဲ့ စာအုပ်တွေထဲမှာ မဆိုင်းမတွဘဲ "တော်ချင်ရင် မပျင်းနဲ့" ဆိုတဲ့ စကားကလေးကို ကျွန်မရေးချပေးလေ့ရှိပါတယ်။ လူတော်ကလေးတွေ အရေအတွက်များလာဖို့က မိသားစု လူမှုပတ်ဝန်းကျင်ကစပြီး တစ်နိုင်ငံလုံးအထိ အထူးလိုပါတယ်။ မိသားစုထဲမှာ ပတ်ဝန်းကျင်က သိပ်တော်တာပဲလို့ ချီးကျူးတာကို ခံရသူတွေများတယ်ဆိုရင် အဲသည်မိသားစုဟာ ထက်မြတ်တဲ့၊ တိုးတက်တဲ့ မိသားစုတွေနဲ့ ဖွဲ့စည်းထားတဲ့ မိသားစုပဲဆိုတာကို သိနားလည်နိုင်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့လေ။ တော်ခြင်းကို ဖွင့်ဆိုတဲ့နေရာမှာ တော်တည့်မှန်ကန်မှုကို ဖွင့်ဆိုတာဖြစ်ရပါတယ်။ အကုသိုလ်နဲ့ မကင်းတဲ့အလုပ်များကိုလုပ်ပြီး ကြီးပွားလာတဲ့သူများကို တော်လိုက်တာလို့ ချီးမွမ်းတယ်ဆိုရင်တော့ အကြောင်းတရားကောင်း၊ မကောင်းကို မကြည့်ဘဲ အကျိုးရလဒ် ဖြစ်တဲ့ ကြီးပွားခြင်းကို ရှေ့တန်းတင်ပြီး ပြောတာဖြစ်လို့ ရေရှည်မခံနိုင်ပါဘူး။ အဲသည်အချက်က သေချာပါတယ်။
အကြောင်းတရား မကောင်းဘူးဆိုတာကတော့ ဘုရားမကြိုက်တဲ့၊ လူတော်လူကောင်းများ မကြိုက်တဲ့ တားမြစ်ထားတဲ့အလုပ်များကို လုပ်ကိုင်ပြီး ကြီးပွားအောင်ကြိုးစားတဲ့သူများဟာ အကြောင်းတရား အမှားကို လက်ကိုင်ပြုထားတဲ့သူများဖြစ်ပါတယ်။ အဲဒီလို အကြောင်းတရား အမှားကိုလုပ်ကိုင်တဲ့အခါမှာလည်း ဖုံးဖိနိုင်အောင်လူသူတော်ကောင်းအဖြစ် ဟန်ဆောင်ရပါတယ်။ မကောင်းသောသူများနဲ့ ပေါင်းသင်းရပါတယ်။ အဲသည်လိုလူများဟာ သူတို့အချင်းချင်း ကွဲလို့ပင်ဖြစ်စေ၊ မကွဲဘဲနဲ့ သူတို့လုပ်ရပ်က မဖုံးနိုင်၊ မဖိနိုင်အောင် အဆိုးတရားတွေ များလာလို့ဖြစ်စေ ဥပဒေနဲ့ငြိစွန်းလာတတ်ပါတယ်။ မငြိစွန်းဘူးဆိုလည်း ပုံမှန်မဟုတ်တဲ့ လုပ်ရပ်များဟာ တိတိကျကျ တွက်ချက်လို့ မရတဲ့အတွက် အဆုံးအရှုံးနဲ့ ကြုံရတတ်ပါတယ်။ အဲသည်လို ငွေကြေးဥစ္စာ ဆုံးရှုံးသွားရင် ဂုဏ်သရေ ဆိုတာလည်း ပျောက်ကွယ်သွားမှာပါပဲ။ နာမည်ဆိုတာကလည်း မကောင်းသတင်းနဲ့သာ ကျော်ကြားလာမှာဖြစ်ပါတယ်။ အဲသည်အချိန်မှာတော့အစက ပြန်ကောက်လို့ မလွယ်တတ်ပါဘူး။
ကျွန်မတို့ ဗုဒ္ဓဘာသာမှာ နည်းလမ်းမှန်ကန်ပါမှ ရလဒ်ကလည်း မှန်ကန်တယ်လို့ လက်ခံကြပါတယ်။ တစ်နည်းပြောရရင် အကြောင်းတရားက အကောင်းစားတွေဖြစ်ပါမှ အကျိုးတရားက တကယ်မြတ်တဲ့ ရလဒ်များဖြစ်နိုင်ပါတယ်။ ဗုဒ္ဓဘာသာကသာ အကြောင်းတရားကို ဦးစားပေးတာ မဟုတ်ပါဘူး။ သိပ္ပံနည်းကျ ဆောင်ရွက်တဲ့နေရာမှာလည်း အကြောင်းတရားကို ဦးစားပေးပါတယ်။ လိုချင်တဲ့ အကျိုးရလာဒ်ကို ဘယ်လိုအကြောင်းရင်းခံတွေရှိမှ ရနိုင်သလဲဆိုတာကို တွက်ချက်လုပ်ဆောင်ရတာပါပဲ။ အကျိုးကို ပြင်ချင်တယ်ဆိုရင် အကြောင်းကိုပြင်ရတာ သိပ္ပံနည်းကျတဲ့ အလုပ်သဘော ဖြစ်ပါတယ်။ သဘာဝတရားကလည်း အကြောင်းနဲ့အကျိုး ဆက်စပ်နေတာကို အမြဲပြနေတာပါပဲ။ သဘာဝတရား ဖောက်ပြန်တယ်ဆိုရင်တောင်မှ အကြောင်းမဲ့ မဖောက်ပြန်တတ်ပါဘူး။ ဖောက်ပြန်တဲ့ ဆိုးကျိုးပေါ်စေဖို့ အကြောင်းဆိုတာ ဘာလဲ ဆိုတာကို ရှာရင်တွေ့တာပါပဲ။
တကယ်လို့ အကြောင်းတရားများက ကြိုးပမ်းလုပ်ဆောင်ခြင်း၊ တော်တည့်မှန်ကန်ခြင်းဆိုတဲ့ ဖြောင့်မတ်တဲ့ အကြောင်းတရားများကို အခြေခံပြီး ထားမယ်ဆိုရင်တော့ အကျိုးတရားလည်း မွန်မြတ်တဲ့ အကျိုးတရားများ ဖြစ်လာပါလိမ့်မယ်။ အဓိကပြောချင်တဲ့ အကြောင်းကတော့ မပျင်းဖို့အကြောင်းဖြစ်ပါတယ်။ မပျင်းဖို့အကြောင်းကို ရောက်မယ့် အရေးမှာ အကြောင်းတရားတွေအကောင်းစားဖြစ်ဖို့ ပြောနေရတဲ့အတွက်အခုပြန်ကောက်ပါရစေ။
ကျွန်မတို့ပတ်ဝန်းကျင်မှာ မိမိနဲ့သက်ဆိုင်တဲ့အလုပ်ကို ကြိုးကြိုးကုပ်ကုပ် လုပ်နေတဲ့သူတိုင်းဟာ ဘာမှမကြာလိုက်ဘူးလို့ ထင်ရတဲ့အချိန်မှာ လူတော်တစ်ယောက်အဖြစ် အောင်မြင်ထင်ရှားလာတာကို တွေ့ရတတ်ပါတယ်။ အဲသည်လို တော်တဲ့လူလို့ အများက သိလာတဲ့အချိန်မှာ သူ့ဘ၀ တစ်သက်တာမှာ သူတစ်ယောက်တည်းသိတဲ့ အကျိုးကျေးဇူးများကို သူခံစားလာရတာ ကြာခဲ့ပြီဖြစ်ပါတယ်။ လူတော်တစ်ယောက်ရယ်လို့ အများက မသိကြခင်ကတည်းက သူ့ဟာသူ လုပ်မယ်လို့ ကိုယ်တိုင်ရွေးထားတဲ့အလုပ်ဖြစ်စေ၊ မင်းလုပ်ပါလို့ တာဝန်ပေးတဲ့အတွက် တာဝန်ယူထားရတဲ့အလုပ်ဖြစ်စေ "ပျင်းလိုက်တာနော်၊ ငါ အဲသည်အလုပ်ကို မကြိုက်ဘူး" လို့ ပြောမနေတတ်ပါဘူး။ ဒီအလုပ်ကို ငါနားလည်မှဖြစ်မယ်။ ငါဘယ်သူ့ကို ချဉ်းကပ်ပြီး ပညာယူရမလဲ၊ ဘယ်လိုစာအုပ်မျိုးတွေကို ဖတ်ရမလဲ စသည်ဖြင့် အကြောင်းအရင်းခံကောင်းတွေကို ရှာပြီး အချိန်မဆိုင်းဘဲ လုပ်တတ်ပါတယ်။
အဲသည်လို မပျင်းမရိဘဲ ကြိုးစားပမ်းစားနဲ့ လေ့လာတဲ့အတွက် အသိပညာနယ်ပယ် ကျယ်ပြန့်သွားလို့ အကျိုးကို မကြာခင်အချိန်မှာပဲ ရရှိသွားမှာဖြစ်ပါတယ်။ အဲသည်နောက် လေ့လာမှုအရှိန်ကလည်း ကောင်းသွားပြီ ဖြစ်ပါတယ်။ အဲသည်လို အသိပညာနယ်ပယ်ကျယ်ပြန့်အောင် ခံထားရတဲ့ အကြောင်းကောင်းကတော့ မပျင်းရိခြင်း၊ တစ်နည်းဆိုရင် လုံ့လ၀ီရိယအား ကြီးမားခြင်းဆိုတဲ့ အကြောင်းကောင်းဖြစ်ပါတယ်။ ၀ီရိယအား ကြီးမားတဲ့ သူများဟာ စိတ်အင်အားလည်း ကြီးမားတတ်ကြပါတယ်။ မိမိကိုယ်မိမိ ယုံစားတတ်ပါတယ်။ သူများထံက အကူအညီရဖို့ကို "ကယ်မပါ၊ ပြုစုပါ၊ စောင့်ရှောက်ပါ၊ မွဲသွေ့သွေ့ မျက်နှာနဲ့ ကိုယ်ချမ်းသာရကြောင်း ငယ်ငေါင်းစုတ်ပဲ့ နုံနဲ့သည့် စကားများကို ယောင်မှား၍ဆိုမိလျှင် လျှာတိုအောင် ရိတ်ချင်၏" ဆိုတဲ့ ဦးပုည စာဆိုထဲကလိုပဲ ဘယ်သူ့ကိုမှ အောက်ကျို့ခြင်းမပြုဘဲ မိမိအားကို မိမိယုံကြည်ကိုးစားပြီး ရိုးရိုးသားသားစိတ်ထားနဲ့ ကြိုးစားတတ်ပါတယ်။အဲသည်လို ရိုးရိုးသားသားနဲ့ ကြိုးစားတဲ့သူဟာ ပေါ့ပေါ့ပျက်ပျက် စကားများကို မပြောတတ်သလို၊ ဣနြေ္ဒမဲ့တဲ့၊ ဟန်ချက်မညီတဲ့ အပြုအမူများကိုလည်း မပြုတတ်ပါဘူး။
ဝီရိယအားနဲ့ အလုပ်လုပ်တဲ့အခါမှာ သတိထားရပါမယ်။ ဖြစ်ချင်ဇောနဲ့ စိတ်အတက်ကြွလွန်ခဲ့ရင် စိတ်ပျံ့လွင့်သွားတတ်ပါတယ်။ စိတ်ကပျံ့လွင့်ပြီး မတည်မငြိမ်ဖြစ်သွားရင် တော်တော့ တော်ပါရဲ့ သုံးလို့မဖြစ်ဘူးဆိုတဲ့ လူအမျိုးအစားထဲမှာ ပါသွားတတ်ပါတယ်။ စိတ်ပျံ့လွင့်ခြင်း မဖြစ်ပေါ်အောင် မိမိလုပ်နေတဲ့ အလုပ်ဟာ အားစိုက်တာလွန်နေသလား၊ အားစိုက်တာ လွဲနေသလားဆိုတာကို မိမိဘာသာ ပြန်လည်ဆန်းစစ်ပေးဖို့ လိုအပ်ပါတယ်။ မိမိစိတ်ထဲမှာ ဖြစ်ချင်ဇောနဲ့ ဟုန်နေသလား ဆိုတာကိုလည်း သတိနဲ့ စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ အားစိုက်တာကို မလွန်အောင် သတိထားဖို့လိုသလို မလျော့ပါးဖို့ကိုလည်း သတိထားရပါမယ်။ တစ်ခါတရံမှာ ပျင်းရိတတ်ပါတယ်။ နားမယ်ဆိုပြီး တကယ်လည်း စိတ်ရောလူပါ အနားမရဘဲနဲ့ အခုခေတ်မှ ပေါများတဲ့ ဖျော်ဖြေစရာများနဲ့ ပင်ပန်းနေတတ်ပါတယ်။
ကျွန်မလည်း အဲသည်လူစုထဲမှာပါတတ်ပါတယ်။ မပါဘူးဆိုရင် ညာရာကျမှာပေါ့။ ဒါပေမဲ့ နှစ်ပေါင်းများစွာ မိမိကိုယ်ကို သတိပေးတတ်တဲ့ အကျင့်ကပါပြီးနေလေတော့ "မတင်ဝင်းရေ ထထ၊ အလုပ်နဲ့ဘ၀ကို တည်ဆောက်ထားရတာ၊ မပျင်းနဲ့အလုပ်လုပ်ပေတော့" လို့ ကိုယ့်ဘာသာကိုယ် ပြောရပါတယ်။ စိတ်ထဲကတင် ပြောရတာ မဟုတ်ပါဘူး။ နှုတ်ကထွက်ပြီးပြောတာပါ။ အဲသည်လို မိမိကိုယ်ကို ကျင့်ထားမိတော့ အလုပ်မလုပ်ဘဲနေရရင် စိတ်ထဲမှာ တစ်ခုခုလိုနေသလို ခံစားရပါတယ်။ အဲသည်တော့ ကျွန်မစာတွေကို ဘယ်လိုရေးသလဲလို့ မကြာခဏ အမေးခံရတဲ့အခါမှာ ကျွန်မက အချိန် သတ်မှတ်မထားဘဲ အချိန်ရတိုင်း ထိုင်ရေးတတ်ပါတယ်လို့ ဖြေလိုက်ပါတယ်။ နေ့မှာမှ ရေးမယ်၊ ညမှာမှ ရေးမယ်လို့ အချိန်သတ်မှတ်မထားတာကို ပြောတာဖြစ်ပါတယ်။ ပြီးတော့ စာရေးတာကိုမှအလုပ်လို့ သတ်မှတ်မထားပါဘူး။ ဆရာတော်များကို လျှောက်ထားမေးမြန်းပြီး ဟောပြောမိန့်ဆိုတာကို နာယူရတာ လည်း အလုပ်ဖြစ်ပါတယ်။ လူကြီးများနဲ့ စကားပြောတာလည်း အလုပ်ဖြစ်ပါတယ်။ လူငယ်များနဲ့ စကားပြောတာလည်း အလုပ်ဖြစ်ပါတယ်။
ဆရာတော်များရဲ့ မိန့်ဆိုစကားများဟာ မြတ်စွာဘုရားရဲ့ တရားတော်များဖြစ်တဲ့အတွက် မိမိမှာရှိတဲ့ သံသယများ၊ မသိနားမလည်မှုများကို ရှင်းလင်းစေပါတယ်။ လူကြီးများနဲ့ စကားပြောတော့ သက်ကြီးစကားလေ။ အထပ်ထပ် မီးပြင်းထိုးထားတဲ့ ရွှေစင်ရွှေသားဟာ သန့်စင်ဝင်းလက် နေသလိုပါပဲ။ လောကဓံအမျိုးမျိုးထဲက တိုးထွက်လာတဲ့ လူကြီးစကားများက အဖိုးတန်ပါတယ်။ လူငယ်များဟာ သူတို့ဘ၀နဲ့ ထင်ဟပ်တဲ့ စကားများကို ပြောတတ်တော့ သူတို့ဆီကလည်း ပညာရသလို၊ သူတို့ကိုစေတနာထားပြီး ပြောနေရင်း မိမိစကားများဟာ ပိုပြီး နူးညံ့လာတတ်ပါတယ်။ ကိုယ့်စကားများကို ခေါင်းစဉ်လုပ်ပြီး စာပြန်ရေးရင်လည်းအများအတွက် စဉ်းစားစရာ အချက် အလက်များ ရလာနိုင်ပါတယ်။
နိဂုံးချုပ်မှာ ပြောချင်တာကတော့ တော်တယ်လို့ သူများက ချီးမွမ်းတာကိုခံရင်း ဒုက္ခပဲ၊ ငါမသိတာများ မေးလိုက်ရင်ကွဲပြီလို့ ချွေးဒီးဒီးကျပြီး စိတ်မဆင်းရဲရလေအောင် တကယ်တတ်၊ တကယ်တော်တဲ့သူဖြစ်ရမယ်။ တကယ်တတ်၊ တကယ်တော်ချင်ရင် မပျင်းပါနဲ့။

ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်)
အောင်ပညာဒါန Unknown at 2:06 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ

အမေ့ခေါ်သံ



အရုဏ်အတက်
ကုလားတက်ခေါက်သံကြားတော့
သား နိုးနေပြီ အမေ။
သားက ဧည့်သည်
အမေ့အိမ်မှာ သားဟာ
ဧည့်သည်ပါ။

အိမ်ကထွက် ရွာဘက်ကခွာ
မြို့ကိုတက် ပညာရှာ
နှစ် သုံးဆယ်ကြာတော့
ပညာပါမက ကြင်ရာပါမက
ရင်အနာပါ ရခဲ့ပေါ့
အသက်က ၄၀ လွန်
မျက်မှန်ကတစ်လက် ဂုဏ်နဲ့စက်ပြီး
မနက်က၀ယ်လာ ညနေမှာတပ်
ရပ်ရွာကိုတွေး စာကိုရေးတော့
ကလေးကလားနဲ့ သားရဲ့ဝါသနာ
(ခွင့်လွှတ်ပါ)
အမေ့ဖို့စာ ကဗျာနဲ့ပဲ ရေးမိတယ်။
တစ်ခုသောည
ညဥ့်နက်လှပြီ
ရှိသမျှ မြေးသား
လသာသာ ကွင်းကျယ်ကျယ်
မျောက်အုပ်လယ် ယုန်ရောက်သလို
ခုန်ခုန်ပေါက်ပေါက်နဲ့ မီးတောက်အောင်ကစားလို့
မောမှသာနား၊ အိပ်သွားကြပြီ
နွားနှစ်ကောင် စားမြုံ့ပြန်လို့
ခြူသံကြိုးကြား
အမြီးဖျား တဖျပ်ဖျပ်
ခြင်ယပ်တာလည်း ကြားရပြီ။
အမေရယ် သားရယ်
ရေနွေးကရားရယ်
နွားလှည်အိုထက်၊ ကြယ်ပြိုးပြက်မှာ
ထန်းလျက်တစ်ကိုက်၊ ရေနွေးတစ်ကျိုက်
လျောင်းလိုက်၊ ထိုင်လိုက်
တိုးလိုက်၊ ကျယ်လိုက်နဲ့
မငိုက်စတမ်း၊ မသမ်းမဝေ
စကားအထွေထွေကို
သားနဲ့အမေ၊ မနားမနေပြောခဲ့ကြ…
အဲဒါတွေ သတိရပြီး
တစ်စကဗျာ၊ သီမိပါခဲ့။
ဆွေကြီးမျိုးကြီး
သွေးသောက်ကြီး၊ ခုံမင်းကြီး
မြို့သူကြီး၊ ရွာသူကြီး
မြေရှင်ကြီး၊ ထန်းရှင်ကြီး
ဘိုးကြီး ဘွားကြီးများ…
ဘုရားထူးခံကြတဲ့အကြောင်း။
ငွေဓားတစ်ချောင်း၊ ကြေးမောင်းတစ်လုံး
နှစ်လုံးပြူး သေနတ်နဲ့ လက်မှတ်ရရွာသူကြီး
နှစ်ဖက်သော ဘိုးကြီးတွေ
ဘယ်မြေ ဘယ်ကမ်း
ဘယ်ထန်း ဘယ်ထင်း
ဘယ်ကွင်း ဘယ်ရိုး၊ ဘယ်ကို လက်ညှိုးထိုးမလဲ
မလွဲတမ်းပိုင်ကြ
မြေစုမြေခွန်၊ မြေကျွန်တွေ တရုံးရုံးနဲ့
သုံးမကုန် လှူမခန်း၊ ချမ်းသာစွဆိုတဲ့အကြောင်း။
မြို့ကြီးနဲ့ကွာ၊ ကျေးတောရွာမှာ
တူတန်တာမရှိ၊ ပျင်းရိအားယား
လူပျိုကြီး အပျိုကြီး ဦးကြီး ဒေါ်ကြီးများကြားမှာ
ဟောဒီကသား
ဘယ်ရာသီ ဘယ်လိုဖွားလို့
ဘယ်အခါ ဘယ်လိုဖျားပြီး
ဘယ်အရွယ် ဘယ်လိုစကားနဲ့
ဘယ်လိုသွား ဘယ်လိုလာတဲ့
အကြောင်း…။
ဂျပန်ခေတ်က
ဖက်ဆစ်ဂျပန်၊ တော်လှန်သူများ
မောင်များ မတ်များ၊ တူသားများဟာ
ယခုအခါ ရွာအရှေ့ထိပ်
ညောင်ညိုရိပ်မှာ
ကာကီအင်္ကျီ ကိုင်းမှာချိတ်
ပြောင်းဖူးဖက် ဆေးလိပ်နဲ့
ပုတီးစိပ်သူ စိပ်တဲ့အကြောင်း။
ထန်းရည်အိုးကိုဖက်၊ ထန်းရွက်ကိုခင်း
ထန်းပင်ရင်းမှာ
အိပ်သူ အိပ်တဲ့အကြောင်း။
တချို့က ထွန်စက်မောင်း
ပြောင်းရိုးစဉ်းစက် ခုတ်သူခုတ်။
တချို့ပိန် တချို့ဝ
တချို့က သမ၊ တချို့က ၀ိသမ။
တချို့က အရည၀ါသီ
တချို့က ဂါမ၀ါသီ
နီသူနီ ပြာသူပြာ။
မဟာဆွေ အစ မဟာစည်အဆုံး
ဘဂျမ်း (တင်မိုး)၊ သာနိုး (ဆံရှည်)
ကျူသေ ကျူရှင်၊ ဗေဒင် ယတြာ
ရိပ်သာအဆုံး…
အမုန်းအချစ်၊ ကဗျာသစ် စာသစ်
အညှစ်အသတ်၊ အပစ်အခတ်နဲ့
အညစ်အပတ်များ အကြောင်း။
ဆရာလွမ်းမှသည် ဆရာစွမ်းအထိ
ခင်မောင်ရင်မှသည် ခင်မောင်ချင်းအထိ
ကျီးသဲလေးထပ်မှသည် ကမ်းနားခြောက်ထပ်အထိ
ဗန်းမော်ဆရာတော်မှသည် ဗန်းမော်တင်အောင်အထိ
အင်းလျားကန်မှသည် ကြာနီကန်အထိ
စိုင်းထီးဆိုင်မှသည် ကွမ်းယာဆိုင်အထိ
ဘိန်းဖြူမှသည် ဘိန်းပြာ ဘိန်းဝါအထိ
မှတ်မိမှတ်ရာ၊ ဖတ်မိဖတ်ရာ
စပ်မိစပ်ရာတွေ အကြောင်း။
အမေရယ်၊ ကျွန်တော်ရယ်
ဗန်းမော်တင်အောင် ထောင်ကအထွက်
ထန်းလျက်ကျွေးရင်း၊ ရှေးဟောင်းနှောင်းဖြစ်
"လွမ်းရစ်တော့ သက်လှယ်ရယ်"
"ဘုန်းမောင့် တစ်ယောက်တည်းရယ်"
"… တော့ကာသာဘဲရယ်"
ငယ်စာ ငယ်စကား၊ သားနဲ့အဖေ
စာတွေ ပေတွေထဲမှာ
သူရဲကောင်း ရှာခဲ့တဲ့အကြောင်း။
အဖေရယ် ကျွန်တော်ရယ်
လယ်ပြင်ပေါ် ပြောင်းခင်းကြား
ပြောင်းဖူးဖုတ်စားရင်း
သေနတ်နဲ့ဓား၊ တစ်လှည့်စီကစား
သားတစ်ပြန် ဘတစ်ပြန်
အအုပ်နဲ့အခံ၊ ကာရန် ကစားခဲ့တဲ့အကြောင်း။
ညီငယ်နဲ့ ကျွန်တော်
လျှော်ခွာတဲ့ ချောင်းအစပ်
မနော်နွယ် ဘင်္ဂလား
သရက်ရွမ်းများ ခတ်ရင်း
နောင်သိဒ္ဓတ် ကြာခြည်လှပ်ဆဲ
စိတ်ပြတ်နဲ့ မင်းနန်၊ နောင်တော်ကို ချန်
ဆံတော်ကို မချ၊ သပိတ်သံ မပြဘဲ
နိက္ခမ ကျင့်တဲ့အကြောင်း။
မိခွေးရယ်၊ မိအေးရယ်
ကျွန်တော် င၀က်ရယ်၊ အဒေါ် ဒေါ်ကြွက်ရယ်
ကြက်သွန်ကျင်း ရေလောင်း၊ ဆေးခင်း ပေါင်းပေါက်
ဝါကောက် ပဲတူး၊ ဆေးခူး ဆေးလှန်း
ထမင်းကြမ်းနဲ့ ထန်းရည်ချို
ချိုချိုမွှေးမွှေး၊ အသည်းအေးအောင်
အမြဲလွေးကြတဲ့ အကြောင်း။
ဝါခင်းအစပ်၊ မားမတ်တဲ့ ပင်လက်ပံ
ဆက်ရက်တွေ ချိုးတွေ ညိုးညိုးညံတော့
ရွာအပြန် ခရီးတစ်ထောက်
လက်ပံပွင့်ကြွေ လေထီးတွေကို
သမီးတွေနှစ်ယောက်၊ သားတစ်ယောက်
လုယက်လို့ ကောက်ကြ
သုံးယောက်ရဲ့အသံ၊ တောလုံးလျှံ
ကိုးယောက်လို ညံတဲ့အကြောင်း။
ဘိုးဘွားကုသိုလ်၊ ကန်ပေါက် လျှိုစောင်း
နွားသိုးနှစ်ကောင်၊ ဖိုးမောင် ကျောင်းလို့
ထနောင်းလဲ တုံး၊ ထန်းလဲ ပြုန်းတဲံ
သင်္ချိုင်းကုန်းက၊ သုံးပင်ဇရပ်
ကြက်လျှာဆူး၊ နဘူးပတ်ချိန်
သွပ်ချပ်အမိုးကို၊ သူခိုးတွေခွာတော့
မြို့ပေါ်မှာ သေတ္တာဖြစ်
ရွာဦးကျောင်းက၊ ခေါင်းလောင်းတွေလဲ
မမြဲအနိစ္စ၊ သင်္ခါရနယ်ထဲ
လှည်းသမား ထွန်စက်မောင်း
ရွာခေါင်း ရပ်ခေါင်း၊ ဘာခေါင်းမှ မကျန်ရစ်
ကဗျာမှာ စာမှာ၊ ငါ ငါ ငါနှင့်
ငါ သူတစ်ပါး၊ ကျားကျားမမ
တစ်နေ့ကျတော့
သင်္ခါရ တံခါးပေါက်ကို အလျားမှောက်ပြီး
ခေါက်ရမှာ ဖြစ်တဲ့အကြောင်း။
ဟိုအကြောင်း၊ ဒီအကြောင်း
အကြောင်းမျိုးစုံ၊ ဖြစ်မျိုးစုံ
ပြောမကုန်၊ မရိုးနိုင်
သန်းခေါင်တိုင်၊ သန်းလွဲကျော်
ကျွန်တော် အသိသား
စကားဟာ ပဓာန မဟုတ်ဘူးလို့။
ဒီသား….
အကြီးသား၊ ဘရီးဘရား
တဒီးလွှားလွှားနဲ့၊ မကြီးပွားသူ
ခရီးသွား နက္ခတ်နဲ့၊ ယှဉ်ကပ်လို့ဖွား
ဗွေပါတဲ့ ဖ၀ါးနဲ့ အဝေးဆုံးသွား
အငေးဆုံးသား
အမေ့နားကို၊ ကြိုးကြားရံခါ
ခဏသာ လာတဲ့သူ။
သားဖြစ်သူ၊ အပါးက
သွားချေ၊ နားချေ၊ အိပ်ပါချေ
ဆိုပေမယ့်လဲ
အမေ မသွား၊ အမေ မနား
သား သက်လျာကို၊ ကြုံလာတုန်းမှာ
ပြုံးကာ ရယ်ကာ၊ ပုတ်ခတ်ကာနဲ့
ကြည့်ကာမဝ
သန်းခေါင်ကျော် သန်းလွဲကျမှ
ခဏဖယ်ခွာ
အမေ မှေးရုံ မှေးရှာတယ်။
အရုဏ်အတက်၊ ကုလားတက်သံအကြား
နွားစာအကျွေး၊ ဆန်အဆေး
မြေးတစ်ယောက်ကိုနှိုး၊ တီးတိုးတီးတိုးနဲ့
ရွာရိုးကို လျှောက်ခဲ့
သားမြေးတွေ သောက်စရာ
နွားနို့ရှာ ဆိတ်နို့ရှာ
သကာလုပ် မုန့်ဖုတ်
အမေ အလုပ်ရှုပ်ခဲ့ပြီ။
ခေါင်းပေါ်မှာ တဘက်တင်
အိမ်စဉ် အနှံ့သွား
ယုန်သားဝယ်၊ ဂျုံသကြားဝယ်
ရက်ကန်းရှယ်သလို
ရွာလယ် ရွာရိုး၊ လွန်းထိုး လာသွား
ငှားလိုက် ချေးလိုက်၊ ကျွေးလိုက် တိုက်လိုက်
ချက်ပြုတ်လိုက်နဲ့၊ ချွေးပြိုက်ပြိုက်ယို
အမေအို
သားကို ကျွေးလို့ မောတယ်မရှိ။
သြော်…. ခုအခါ
အမေ့ရွာ သားမရောက်
သုံးနှစ်လောက် ကြာခဲ့ပြီ။
အမေ့စာ
"သား၊ အမြန်လာ" တဲ့
ပြေးဟာ လွှားဟာ၊ ရုန်းဟာ ကန်ဟာနဲ့
ကဗျာတစ်ပုဒ်၊ စာတစ်ဆုပ်
လက်လုပ်လက်စား၊ အမေ့သား
ဓားတောင် မဆီး၊ မီးပင်လယ် မခြား
အမေ့ခေါ်သံ ကြားသော်လည်း
ဝမ်းသမုဒ္ဒရာ၊ အူဂင်္ဂါခြားတာကြောင့်
သား မလာ၊ မြေး မလာ
ကဗျာတို ပူပုံပန်းနှင့်
စာတစ်ညို၊ လူကြုံကမ်းရတယ်။

အမေ စားဖို့
ဘားပလက်၊ တစ်ဘူး နှစ်ဘူး
ကလူးကိုး တစ်ထုပ်စ နှစ်ထုပ်စ
တစ်နှစ်မှ တစ်ခါ နှစ်ခါ
စတိသာ ပို့အားတဲ့ သားခမျာ
အမေ ပေးတဲ့
ဆယ့်လေးတန်း ပညာနဲ့
မြို့ပေါ်မှာ သောင်တင်
ကလောင်မင် အက်ဆစ်စွက်
ဟိုပက် ဒီကော်
တစ်နေ့သော် ပိုင်နိုး နိုင်နိုးနဲ့
ဝေဖန်ရေး ကျားဆိုးကို
အားကြိုးမာန်ခဲ အမြီးကို ဆွဲမိပေါ့။
သြော်…. အမေ့ရွာ သားမရောက်
သုံးနှစ်လောက် ကြာ၊ သုံးဝါ ရွှေ့ဆိုင်း။
"မလာဖြစ်နိုင်ဘု၊ ၀ါခေတ်တစ်ခါကုန်တော့" လို့
တေးအကြုံ ရှေးပုံနဲ့ လွမ်းလိုက်ကဲ့
ဆန်ပန်း တပြာပြာ၊ အိမ်ကြမ်း တခါခါနဲ့
နွားပြာ တသသ၊ ၀ါးဖျာ တမမ
စားစရာ တချချ
အများတကာကို သားစာပြပါလို့
အိမ်ဝမှာ အမေကြိုရော့
နေညိုချိန်တိုင်း။

ဝင်းဖေ
အောင်ပညာဒါန Unknown at 2:00 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: ကဗျာ

တစ်ကြိမ်မှာ တစ်ခု

ကျွန်တော်တို့ မိတ်ဆွေတစ်ယောက်က လူသူရှင်းသော မက္ကဆီကို ကမ်းခြေတစ်နေရာမှာ သူတွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်တစ်ခုကို ပြောပြသည်။
နေ၀င်ဆည်းဆာအချိန် ကမ်းခြေမှာ သူတစ်ယောက်တည်း လျှောက်သွားရင်းက ဟိုးအဝေးဆီမှာ လူတစ်ယောက် လှမ်းမြင်ရသည်။ နည်းနည်းနီးလာတော့ ဒေသခံတစ်ယောက်ဖြစ်ကြောင်း သတိပြုမိသည်။ သည်လူက ကမ်းခြေသောင်စပ်မှာ ကုန်းကုန်း ကုန်းကုန်းနှင့် သွားနေရာက တစ်စုံတစ်ရာကို ငုံ့ကောက်ကာ ပင်လယ်ရေထဲ လွှင့်ပစ်သည်။ သည့်နောက် အဲသည်လိုပဲ နည်းနည်းလျှောက်သွားလိုက် တစ်ခုခုတွေ့လျှင် ကောက်ယူလိုက် လွှင့်ပစ်လိုက် လုပ်နေသည်။
ကျွန်တော်တို့မိတ်ဆွေ သူ့အနား ရောက်သွားပြီး သေသေချာချာကြည့်တော့ လှိုင်းနှင့်ပါလာပြီး သဲသောင်ပြင်ပေါ် တင်ကျန်နေသည့် ကြယ်ငါးတွေကို ရေထဲ ပြန်ပစ်ထည့်ပေးနေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။
သည်လူ ဘာရည်ရွယ်ချက်နှင့် လုပ်နေသလဲ ကျွန်တော်တို့မိတ်ဆွေ စဉ်းစားမရ ဖြစ်သွားသည်။ သို့နှင့် သူ့ကို နှုတ်ဆက်ပြီး တည့်တည့်ပင် မေးကြည့်သည်။ “မသိလို့ မေးပါရစေဗျာ၊ မိတ်ဆွေ ဘာလုပ်နေတာပါလိမ့်”
“ကြယ်ငါးတွေ သမုဒ္ဒရာထဲ ပြန်ပို့ပေးနေတာလေ၊ ခင်ဗျား မြင်တဲ့အတိုင်းပဲ၊ အခု ဒီရေကျချိန် သောင်ပြင်ပေါ်မှာ တင်ကျန်ခဲ့တဲ့ကောင်တွေဟာ ရေတက်တဲ့အချိန်ရောက်အောင် ဒီမှာ အကြာကြီး စောင့်နေရမှာ၊ ဒါပေမယ့် အဲဒီလောက်ကြာရင် အောက်စီဂျင်ပြတ်ပြီး သေမှာပဲ”
“ဟုတ်ကဲ့၊ အဲဒါတော့ ကျွန်တော်လည်း သဘောပေါက်ပါတယ်” ကျွန်တော်တို့မိတ်ဆွေက ဆိုသည်။ “ဒါပေမယ့် ဒီကမ်းခြေတစ်လျှောက်မှာ ကြယ်ငါးတွေ ထောင်ချီပြီး ရှိနေမှာပေါ့ဗျာ၊ အဲဒီကောင်တွေ အားလုံး ခင်ဗျား ဘယ်လို လိုက်ကောက်မလဲ၊ တစ်ယောက်တည်း မနိုင်နိုင်ဘူးလေဗျာ၊ ပြီးတော့ စဉ်းစားကြည့်၊ ဒီကမ်းရိုးတန်း တစ်လျှောက်လုံးဆိုရင် ခုလို သဲသောင်ပြင်ပေါင်း ရာချီရှိမှာပေါ့၊ ဒီသောင်စပ်တိုင်းမှာ ရှိနေမယ့် ကြယ်ငါးတွေ ဘယ်လိုလုပ်မလဲ၊ သူ့သဘာဝနဲ့သူ ဖြစ်နေတာ ခင်ဗျားတစ်ယောက်ကြောင့် ဘာတွေ ထူးခြား ပြောင်းလဲသွားနိုင်မလဲ”
ဒေသခံပုဂ္ဂိုလ်က ပြုံးသည်။ နောက်ထပ် ကြယ်ငါးတစ်ကောင် ကောက်တယ်။ ထို့နောက် “တခြားကောင်တွေအတွက် မထူးခြားပေမယ့် ဟောဒီ ကြယ်ငါးတစ်ကောင်အတွက်တော့ ထူးခြားသွားတာပေါ့ဗျာ” ဟု ဆိုကာ ပင်လယ်ရေထဲ လှမ်းပစ်ထည့်လိုက်လေသည်။

( ဆိုလိုသည်မှာ လောကမှာလိုအပ်ချက်တွေ လိုအပ်နေသူတွေအများကြီးရှိနေတဲ့အတွက် အားလုံးကို တဦးတယောက်တည်းနဲ့ ဖြည့်ဆည်းကူညီပေးလို့မရနိုင်ပေမယ့် ကိုယ်တတ်နိုင်
တဲ့အင်အားနဲ့ စာနာမှုတရားလေးကိုအခြေခံပြီး တစ်ဦးချင်းလုပ်ဆောင်သွားမယ်ဆိုရင် လော
ကမှာ လိုအပ်ချက်တွေလျော့နည်းသွားနိုင်ပြီး သာယာလှပတဲ့တဲ့လူ့အသိုက်အ၀န်းတခုကိုဖန်
တီးလျှက် လူသားပီသတဲ့လူသားတစ်ယောက်ဖြစ်အောင်ကြိုးစားကြဘို့သင့်ပါတယ်.)

ဖေမြင့်။
အောင်ပညာဒါန Unknown at 1:57 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: စာပေကဏ္ဍ
Newer Posts Older Posts Home
Subscribe to: Posts (Atom)

http://www.agenziabozzo.it/bandiere_animate/Bandiera_animata_flag_Myanmar_dal_2010.gif

ယနေ့ မြန်မာစံတော်ချိန်

Time in Rangoon

ကမ္ဘာ့စံတော်ချိန်များ

World Time Difference
  Kyat Exchange Rate
International Dialing Codes

Sample Text

Total Pageviews

ဧည့်သည်တော်များ






ဤစာမျက်နှာအားနှစ်သက်သဘောကျသူများ

Subscribe To

Posts
Atom
Posts
All Comments
Atom
All Comments

စုစုစည်းစည်း

  • The beautiful Myanmar (5)
  • ကဗျာ (1)
  • ကျန်းမာရေးကဏ္ဍ (28)
  • စာပေကဏ္ဍ (78)
  • ဓမ္မပဒပါဠိတော် ပါဠိ မြန်မာ အင်္ဂလိပ် (8)
  • ပညာဒါနသင်တန်းကျောင်း (7)
  • ပညာရေး (3)
  • ဗုဒ္ဓဘာသာဆိုင်ရာ (20)
  • မှတ်သားဖွယ်ရာအဆိုအမိန့်များ (4)
  • မိဘမေတ္တာ (10)
  • မျိုးစောင့်ဥပဒေအားလေ့လာခြင်း (12)
  • သတိပြုစရာ (7)

Sample Text

Social Icons

Social Icons

About Me

Unknown
View my complete profile

Featured Posts


သတ္တ၀ါဟူသရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ၊
ပညာနှင့်တူသော အလင်းဟူသည် လောကမှာမရှိ။

ယနေ့မြန်မာသက္ကရာဇ်


သိချင်ရာ ရှာကြည့်မည်

တာဝန်ထမ်းဆောင်လျှက်ရှိသောဆရာ/ မများ

၁။ ကျောင်းအုပ်ဆရာတော်
၂။ ဦးအောင်ကျော်မင်း B.Sc (Phys:) Q, AGTI (MT)
ပညာရေးမှူး
၃။ ဒေါ်အောင်အောင်ယု B.Sc (Phys:) Q, AGTI ( MT)
ဒု ပညာရေးမှူး
၃။ ဦးသန့်ဇင် B.Sc (Phys) AGTI (MT)
၎။ ဦးဝင်းကျော်ထွန်း BE. (MC)
၅။ ဦးဝင်းကျော်သန်း BE. (MC)
၆။ ဒေါ်နီလာအောင် BA.(Eng) AGTI (MT)
၇။ ဒေါ်ကေခိုင်ငြိမ်း MA (EPP)
၈။ ဒေါ်မေခိုင်ငြိမ်း Mc.S.C
၉။ ဦးသက်ကိုကို LLB
၁၀။ဒေါ်နေခြည်ထွေး BA (English)
၁၁။ဒေါ်အေးမြင့်သန်း BA (Geography)
၁၂။ဒေါ်သီတာထွန်း BA (Geography)
၁၃။ဦးဟိန်းဝေယံအောင် တတိယနှစ် GTC (EP)
၁၄။ဦးစည်သူ တတိယနှစ် GTC (EP)
၁၅။ဒေါ်ယမုံနိုင် B.Sc (Che:)
၁၆။ဒေါ်တင်ဇာလွင် BA.(Geography)
၁၇။ဦးမျိုးမင်းဦး B.com
၁၈။ဒေါ်မာလာ BA (Myanmar)
၁၉။ဦးအောင်သူရ အနောက်ပိုင်းတက္ကသိုလ်
၂၀။ဦးသန့်ဇင်အောင် အနောက်ပိုင်းတက္ကသိုလ်
၂၁။ဒေါ်သက်ထားသူဇာနွယ် အနောက်ပိုင်းတက္ကသိုလ်

၂၀၁၄/၂၀၁၅ ပညာသင်နှစ် ပညာသင်ကြားလျှက်ရှိသော ကျောင်းသား/သူများ

AGEC၁။အဋ္ဌမတန်း ၅ ယောက် AGEC
AGEC၂။န၀မတန်း ၃၄ ယောက်AGEC
AGEC၃။တက္ကသိုလ်ဝင်တန်း ၅၈ ယောက် AGEC

၂၀၁၄/၅ ပညာသင်နှစ် ပညာပါရမီကုသိုလ်ရှင်များ

၁။ ကိုမင်းသိန်းထွန်း+မလဲ့ရည်ဝင်း ခေတ္တ စင်္ကာပူ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၂။ ကိုအောင်စည်ဝင့်+မလွင်ကျော့ကျော့သိန်း သမီး ဂျူးရင့်လင်္ကာ
MYA THIDA HOTEL & Sleepln HOSTEL မိသားစု
အလှူငွေကျပ် (၁၂၀၀၀၀) တစ်သိန်းနှစ်သောင်း။
၃။ ကိုမျိုးမင်း ( ခေတ္တ) နယူးပါပူးဝါးဂီနီ
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၎။ ကိုဇော်လင်းထွေး (ခေတ္တ) ယူအေအီး
အလှူ ငွေကျပ် (၁၀၀၀၀၀) တစ်သိန်း
၅။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
မေလ၊ အလှူ ငွေ ကျပ် (၁၀၅၀၀၀) တစ်သိန်းငါးထောင်
၆။ ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဇွန်လ၊ အလှူ ငွေကျပ် (၁၁၇၀၀၀) တစ်သိန်း တစ်သောင်းခုနှစ်ထောင်၊
၇။ကိုအောင်ကျော်မိသားစု
ကျောက်တလုံးကြီးမြို့နယ် တောင်ကြီးမြို့
အလှူ ငွေ ကျပ် (၅၀၀၀၀) ငါးသောင်း
၈။ ကိုစိုးလင်းဦး(ခ) ချစ်သူ၊ အင်းစိန် အလှူ ငွေ
ကျပ် (၄၅၀၀၀)လေးသောင်းခွဲ
၉။ ကိုဝင်းဇော် ( စာရေးဆရာနေသစ်မှူး) ခေတ္တ (USA)အလှူ ငွေ ကျပ် ၅၀၀၀၀ ကျပ်
၁၀။
ကိုသန့်ဇင်နှင့် GTL ၀န်ထမ်းများ
ဂျူလိုင်လ၊ အလှူ ငွေ ကျပ် (၉၄၅၀၀)


ပန်းတိုင်ရှိရာ



ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေစနိုင်ဖို့အတွက်ပါပဲ။

ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြီးလှမ်းရမှာ…။

ကြောက်စိတ်မ၀င်နဲ့ကလေး
ပထမခြေလှမ်းမှယိုင်လဲ
ဒူးပြဲချင်ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေစမယ်။

လေးဖက်တွားရင်းကျေနပ်
ထပြီးမရပ်ဘဲနေမယ့်အစား
ရပ်စမ်းလဲစမ်း
ရဲရဲလှမ်း ကလေး…
(ပြီးရင်)
ပြေးလမ်းပေါ်တက်ကြရအောင်။

မောင်စိန်ဝင်း (ပုတီးကုန်း)


သင်သေသွားသော်



သြော်.........

လူ့ပြည်လောက

လူ့ဘ၀ကား

အိုရနာရ

သေရဦးမည်


မှန်ပေသည်တည့်


သို့ပြီးတကား

သင်သေသွားသော်

သင်ဖွားသောမြေ

သင်တို့မြေသည်

အခြေတိုးမြင့်

ကျန်ကောင်းသင့်၏။

သင်၏မျိုးသား

စာစကားလဲ ကြီးပွားတက်မြင့်

ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ

စေတီသာနှင့်

သစ္စာအရောင်

ဥာဏ်တန်ဆောင်လည်း

ပြောင်လျှက်ဝင်းလျှက်


ကျန်စေသား

ဆရာဇော်ဂျီ

ပရဟိတဟူသည်




ပရဟိတ မွန်မြတ်လှ
နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။
မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။
မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြင့်မြတ်လှ။
မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။
ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။
ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။
ဘ၀ခရီး လမ်းမကြီးကို အသီးသီး သူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့် ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို သာဓုကြိမ်ကြိမ် ခေါ်မိတကား။

( မင်းယုဝေ )

သင့်အမြင်များကို ဤနေရာတွင် ရေးသားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်





လူကြိုက်အများဆုံး Post များ

  • သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ
    ဘ၀ ရဲ့ မိုင်တိုင်များ   သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ -------------------------- -------------------- ...
  • တို့ ဆေး
    ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများက တို့ ဆေး များသုံး၍ လုရက်မှု-မုဒိန်းမှုခလေး ငယ်များအား တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သ...
  • သမိုင်းစာအုပ်များ (၄၈ အုပ်) ဖတ်ရှု့ စုဆောင်းလိုသူတွေ အတွက်
                                (၁) အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅)(တက္ကသိုလ်နေ၀င်း) http://www.mediafire.com/ ?z9ypq...
  • ပရဟိတ ဟူသည်
    ပရဟိတ ( Philanthropy ) ဆိုသော ဝေါဟာရသည် လူထုကို ချစ်သော တိုက်ရိုက်အနက်ရပြီး ... အခြေခံပြဿနာများကို အဓိကကျသည့် ဖြေရှင်းမှုအတွက် ရင်းနှီး...
  • တက္ကသိုလ်ဝင်ခွင့်ပုံစံသစ်ကိုမိဘတိုင်း သိကြပါစေ
    ဒသမတန်းအောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသားများ အတွက် တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်သည့်ပုံစံသစ်ကို လာမည့်ပညာသင်နှစ် (၂၀၁၄-၂၀၁၅)မှစတင်၍ ပြေ...
  • မေတ္တာသုတ်အနက်၊ ရွတ်ဆိုရကျိုး
    ၁။ဟေ ၊ အိုသူတော်ကောင်းတို့ ။ယဿပရိတ္တဿ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏။ အနုဘာဝတော ၊ အစွမ်းရှိန်စော်အာနုဘော်ကြောင့်။ ယက္ခာ ၊ နတ်အများတို့သည်။ ဘီသနံ ...
  • အောင်ပညာဒါနတွင် တက်ရောက်ပညာသင်ကြားနေကြသော တကက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများ
  • ၃။ စိတ္တ၀ဂ္ဂ
    ၃၃။ ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။   ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။  ၃၄။ ၀ါရိဇောဝ ထလေ ခိတ္တော၊ သြကမောကတဥဗ္ဘတော။  ပရိဖန္ဒတိဒံ စိ...
  • (no title)
    ကုသိုလ် ဥစ္စာ ကျန်းခန့်သာ၍ ပညာတန်ခိုး တမျိုးမျိုးမှ အကျိုးမထွက် ထိုနေ့ရက် စိတ်ပျက်ဝမ်းနည်းဖွယ်။ လူရယ်လို့ဖြစ်လာရင် လူ့ဘ၀နဲ့ထိုက်တန်တဲ့...
  • န၀မတန်းကျောင်းသား/သူ များအတွက် အောင်ပညာဒါနသင်တန်းကျောင်း၏အချိန်စာရင်း
    နေ့ 8 to 9:30 9:00 to 11:00 12:30 to 2:30 3:00 to 4:30 4:40 to 6:00 တနင်္ဂလာ ဓာတု ဓာတု ပြန်လည်စစ်ဆေး ခြင်း အင်္ဂါ အဂ...

Blog Archive

  • ▼  2014 (175)
    • ►  10/26 - 11/02 (5)
    • ▼  10/19 - 10/26 (3)
      • တော်ချင်ရင် မပျင်းနဲ့
      • အမေ့ခေါ်သံ
      • တစ်ကြိမ်မှာ တစ်ခု
    • ►  10/12 - 10/19 (3)
    • ►  09/14 - 09/21 (8)
    • ►  09/07 - 09/14 (8)
    • ►  08/31 - 09/07 (21)
    • ►  08/24 - 08/31 (9)
    • ►  08/17 - 08/24 (30)
    • ►  08/10 - 08/17 (10)
    • ►  08/03 - 08/10 (38)
    • ►  07/27 - 08/03 (36)
    • ►  07/20 - 07/27 (4)
Theme images by konradlew. Powered by Blogger.